လာမယ့်နှစ်နှစ်တာကလ အတွင်းမှနေရဲ့ လုပ်ငန်းစဉ်များ စတင်ယုတ်လျော့ သွားမှာ ဖြစ်တဲ့အတွက် ကမ္ဘာမြေပေါ်မှာ ရေခဲခေတ် အငယ်စားတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောကြားခဲ့ပါတယ်။ အမေရိကန် နက္ခတ္တဗေဒအဖွဲ့အစည်း လက်အောက်မှ နေစွမ်းအင်ဆိုင်ရာ ရူပဗေဒဌာနစိတ်မှ သိပ္ပံပညာရှင်များ လုပ်ဆောင်ခဲ့တဲ့ သီးခြား လေ့လာမှု(၃)ခုမှာ နေရဲ့လုပ်ငန်းစဉ်များဟာ (၂၀၁၃)ခုနှစ်မှာ (၁၁)နှစ် သံသရာစက်ဝန်းအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိပြီးနောက် ပြန်လည်လျော့ပါးသွား မှာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
အဲ့ဒီလို နေရဲ့လုပ်ငန်းစဉ်များ လျော့ပါးသွားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အအေး ဓါတ်လွန်ကဲခြင်း အကျိုးသက်ရောက်မှုကို ကမ္ဘာကြီးပူနွေးလာမှုက သာလွန်သွားနိုင်ကြောင်း လန်ဒန်အင်ပါယာတက္ကသိုလ်မှ ကမ္ဘာ့လေထုဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ၎င်းက ပြောကြားရာမှာ နေရဲ့ လုပ်ငန်းစဉ်များဟာ ရေရှည်ပြောင်းလဲမှု အဖြစ် ဖြစ်ပေါ်လာနိုင်ပြီး (၁၇)ရာစုနှစ် နှောင်းပိုင်းက အခြေအနေမျိုး ကြုံတွေ့ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ (၁၆၄၅) ခုနှစ်နဲ့ (၁၇၁၅)ခုနှစ်အကြားမှာ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာကြောင့် ဥရောပတစ်ဝှမ်းမှာ ဆိုးဝါးပြင်းထန်တဲ့ ဆောင်းရာသီများ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရဖူးပါတယ်။
အဲ့ဒီကာလအပိုင်းအခြားကို ရေခဲခေတ်အငယ်စားအဖြစ် သတ်မှတ်ခဲ့ကြပြီး ဥရောပအနောက်မြောက်ပိုင်းမှ အပူချိန်ဟာ ပုံမှန် ထက်(၁)ဒီဂရီဆဲစီးယပ် လျော့ကျခဲ့ပြီး ပျမ်းမျှကမ္ဘာ့အပူချိန်ထက် (၀.၅)ဒီဂရီ ဆဲစီးယပ် လျော့နည်း သွားခဲ့ပါတယ်။ အခုလို နေရဲ့လုပ်ငန်းစဉ်များ ယုတ်လျော့သွားမယ့် ဖြစ်စဉ်ဟာ ကမ္ဘာ့အပူချိန် လျော့ကျမှုနဲ့ ဆက်စပ်နေတဲ့တာကြောင့် အဆိုပါ သဘာဝဖြစ်စဉ်ဟာ ကမ္ဘာတစ်ဝှမ်းက ရာသီဥတု ပြောင်းလဲမှုများအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။-mrtv-4
Src : Zogampost
No comments:
Post a Comment